ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန် အစည်းအဝေး အဋ္ဌမနေ့ ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို (၁၀.၇.၂၀၁၉) ရက်နေ့ နံနက် (၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၆)ဦးတက်ရောက်၍
(၉၇.၀၆) ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၀)ဦးတို့က မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၄)ဦးတို့က ပြန်လည်ဖြေကြားခဲ့ပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Infra Capital Myanmar တို့ပူးပေါင်း၍ လေအား လျှပ်စစ်စီမံကိန်း ဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က အစီရင်ခံစာအား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာနှင့်ပတ်သက်၍ လွှတ်တော်၏သဘောထားအတည်ပြုချက်ရယူခဲ့ရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အချို့မှ ကန့်ကွက်သူများ၊ ထောက်ခံသူများနှင့် ယင်းကိစ္စအား ပြန်လည်ဆန်းစစ်ပြီးမှ ဆောင်ရွက်စေလိုကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးတို့မှ အစိုးရအဖွဲ့အနေဖြင့် တိုင်းပြည်၏ လျှပ်စစ်မီးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ကုမ္ပဏီနှင့် သေချာလေ့လာဆန်းစစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များကို ချပြရှင်းလင်း ပြီးမှ ပွင့်လင်းမြင်သာစွာဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များ မကြေလည်သည့် အချက်များကိုလည်း အချိန်မရွေးမေးမြန်းနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ ယခုအစီရင်ခံစာနှင့် ပတ်သက်၍ ကိုယ်စားလှယ်များအနေဖြင့် သေချာစွာစဉ်းစားစေလိုကြောင်း၊ မရှင်းလင်းသည့် အချက်များ၊ သိရှိလိုသည့်အချက်များကို သက်ဆိုင်ရာ ဝန်ကြီးထံ အကြေအလည် မေးမြန်းပြီးမှ စဉ်းစားဆုံးဖြတ်စေလိုကြောင်း၊ ယခု ဆောင်ရွက်မည့် လေအားလျှပ်စစ်စီမံကိန်းမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိ၊ တိုင်းပြည်၏ လျှပ်စစ်မီးလိုအပ်ချက်ကို မိမိတို့တိုင်းဒေသကြီးအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းနိုင်ခြင်းသည် မကွေးတိုင်းဒေသကြီးအတွက် မှတ်တိုင်တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်များအနေဖြင့် သေချာစဉ်းစားပြီး
(၁၁.၇.၂၀၁၉)ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေး (နဝမနေ့)တွင် ဆွေးနွေးဆုံးဖြတ်ပေးသွားရန် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို
(၁၁၅၂)နာရီအချိန်တွင် ရပ်နားပြီးစီးကြောင်းနှင့် နဝမနေ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ (ကြာသပတေးနေ့) နံနက် (၁၀ဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။