ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် မကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာ

ဒုတိယအကြိမ်အစီရင်ခံစာများ

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်

နိဒါန်း

၁။       မကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီသည် ကော်မတီဖွဲ့စည်းမှုပါ တာဝန်ပေးအပ်ချက်များအရ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအတွင်း ကော်မတီ အစည်းအဝေးများ ပုံမှန်ခေါ်ယူခြင်း၊ ရှေ့လုပ်ငန်းစဉ်များအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လုပ်ငန်းနှင့် ဆက်စပ်သောအကြောင်းအရာများကိုသိရှိနားလည်သည့် စာရင်းစစ်ချုပ်၊ စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးအား ဖိတ်ကြား၍ ကော်မတီနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ယခုကျင်းပသည့် တတိယပုံမှန်အစည်းအဝေးတွင် ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များအား အစီရင်ခံ တင်ပြသွားမည်ဖြစ်ပါသည်။

ပြည်သူ့ငွေစာရင်းကော်မတီ၏ တာဝန်များမှ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများသို့ လမ်းညွှန်သင့်သည့် ဘဏ္ဍာငွေသုံးစွဲပုံနည်းလမ်း အားနည်းချက်များကိုစိစစ်ခြင်း

၂။       ကော်မတီမှ စိစစ်ရာတွင် ခွင့်ပြုသောငွေကို သတ်မှတ်ထားသော လုပ်ငန်းကိစ္စအတွက်သာ သုံးစွဲခြင်း ရှိ/မရှိ၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ သုံးစွဲခြင်း ရှိ/မရှိနှင့် ခွင့်ပြုသည့်ရည်ရွယ်ချက် အတိုင်း ထိရောက်မှန်ကန်စွာသုံးစွဲခြင်းရှိ/မရှိတို့ကို စိစစ်ရမည့်တာဝန်များရှိသည်နှင့်အညီ အောက်ပါ အကြောင်းအရာ (၃)ရပ်ကို လေ့လာခဲ့ပါသည် –

(က)    ကျောင်းဖွံ့ဖြိုးမှုစီမံချက် ( School Improvement Plan    SIP )

        ( ခ )    ဆောက်လုပ်ရေး၊လမ်းတံတား၊ စည်ပင်နှင့်ကျေးလက်ဦးစီးဌာနတို့၏ ဒေသစျေးနှုန်းများ
အရည်အသွေးနှင့် အရေအတွက်များလေ့လာခြင်း၊

( ဂ )    ၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို
ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ကို လေ့လာခြင်းတို့ဖြစ်ပါသည်။

ကျောင်းဖွံ့ဖြိုးမှုစီမံချက် (SIP)နှင့် ထောက်ပံ့ကြေးအပေါ် လေ့လာတွေ့ရှိချက်

၃။       ပထမဦးစွာ ပညာသင်ထောက်ပံ့ကြေး/ ကျောင်းထောက်ပံ့ကြေးအစီအစဉ် လုပ်ငန်းကော်မတီ ကို စတင်ဖွဲ့စည်းရမည်ဖြစ်ပါသည်။ ကော်မတီတွင် –

(က)    ကျောင်းအုပ်ကြီး            (၁)ဦး                  ဥက္ကဋ္ဌ

( ခ )    အုပ်ချုပ်ရေး/ ရပ်မိရပ်ဖ    (၁)ဦး                 အဖွဲ့ဝင်

( ဂ )    မိဘဆရာအသင်း           (၂)ဦး                 အဖွဲ့ဝင်

(ဃ)    ကျောင်းအကျိုးတော်ဆောင် (၂)ဦး                 အဖွဲ့ဝင် (မရှိလျှင် မိဘ၊ဆရာ(၂)ဦး)

( င )    အတန်းပိုင်ဆရာများမှ       (  )ဦး                 အဖွဲ့ဝင် (မူ ၁/လယ်၅/ထက်၇ ဦး )

( စ )    ကျောင်းဆရာ/ဆရာမများမှ (၁)ဦး             အတွင်းရေးမှူး

ဖွဲ့စည်းမှုတွင် မူလတန်း(၈)ဦး၊ အလယ်တန်း (၁၂)ဦး/ အထက်တန်း(၁၄)ဦးဖြစ်ပါတယ်။ မူလတန်း/ အလယ်တန်းသည်    ကျောင်းသားဦးရေအပေါ်     မူတည်၍     ထောက်ပံ့ကြေးရရှိမည်ဖြစ်ပါသည်။

တစ်နှစ်လျှင်(၄)သိန်း၊ (၈)သိန်း၊ (၁၀)သိန်း၊ (၁၂)သိန်း၊ (၁၄)သိန်း၊ (၁၆)သိန်း၊ အထက်တန်းကျောင်းမှာ (၅)သိန်း+ကျောင်းသားဦး​ရေ× ၅၀၀ဝိ/-တို့ကြောင့် အထက်တန်း ကျောင်းမှာ ကျောင်းသား ၂၀၀၀ ကျော်လျှင် သိန်း(၁၀၀)ကျော် ထောက်ပံ့ငွေ ရရှိမည်ဖြစ်ပါသည်။

သုံးသပ်ချက်

၄။       နိုင်ငံတော်မှ ချမ်းသာကြွယ်ဝ၍ ပညာရေးကျောင်းထောက်ပံ့ငွေအစီအစဉ် ပြုလုပ်ရခြင်း မဟုတ်ဘဲ ပညာရေးတိုးတက်စေရန်အတွက် နိုင်ငံခြားမှ အတိုးမဲ့ချေးငွေ ဒေါ်လာ သန်း(၁၀၀)ဖြင့် ဖွံ့ဖြိုးရေးလုပ်ဆောင်ခြင်းဖြစ်ပါသည်။ ၂၀၁၄-၂၀၁၅ မှ ၂၀၁၇-၂၀၁၈ အထိ (၄)နှစ်ကာလ ဖြစ်ပြီး ယခု ၂၀၁၆-၂၀၁၇ သည် တတိယနှစ်သို့ ရောက်ရှိပြီးဖြစ်ပါသည်။ ၎င်းအပြင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစတင်၍လည်း အခြားအစီအစဉ်အကူအညီအဖြစ် အမေရိကန်ဒေါ်လာ သန်း(၆၀)ဖြင့် ဆက်လက်တိုးချဲ့ရန်ရှိပါသည်။ နိုင်ငံအတွင်း ကျေးရွာတိုင်းနီးပါး စာသင်ကျောင်းရှိပြီး အိမ်တိုင်းနီးပါး ကျောင်းသားရှိသည်ဖြစ်၍ ပြည်သူနှင့်အထိစပ်ဆုံးဌာနမှာ ပညာရေးဌာနဖြစ် ပါသည်။ ယခုကဲ့သို့ပွင့်လင်းမြင်သာမှု ပိုမိုလာသော ပြည်သူ့အစိုးရလက်ထက်တွင် ကျောင်းသား မိဘများနှင့် ကျောင်းအုပ်ကြီးများအကြားတွင် ကျောင်းထောက်ပံ့ကြေးငွေကြောင့် ဖြစ်ပေါ်လာမည့် ပြဿနာ ပွတ်တိုက်မှုများသည် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များထံ မလွှဲမသွေ ရောက်ရှိလာမည်ဖြစ်ပါသည်။

အကြံပြုဆွေးနွေးချက်

၅။       ပညာရေးဝန်ကြီးဌာနမှ ဖြန့်ဝေထားသော ကျောင်းထောက်ပံ့ကြေးလုပ်ငန်းအစီအစဉ် များအကောင်အထည်ဖော်​ရေး လမ်းညွှန်စာအုပ်ပါ အောက်ပါအချက်အလက်များအတိုင်း လေးစားလိုက်နာ အကောင်အထည်ဖော်ရပါမည် –

(က)    ကော်မတီကို ပွင့်လင်းမြင်သာစွာ သိရှိဖွဲ့စည်းရမည်၊

( ခ )    စီမံချက်ကို ကော်မတီဖြင့် အစည်းအဝေးပြုလုပ်၍ တိုင်ပင်ရေးဆွဲရမည်၊

( ဂ )    ကော်မတီနှင့် အစည်းအဝေး သဘောထားချင်းမကိုက်ညီပါက လုံးဝသုံးစွဲခွင့်မရှိပါ၊

(ဃ)    သတ်မှတ်ခေါင်းစဉ် (၁၂)မျိုးဖြင့် ညီညွတ်သောကိစ္စများသာ သုံးစွဲရမည်၊

( င )    မိဘပြည်သူများမြင်သာထင်သာရှိအောင် ကြော်ငြာသင်ပုန်းတွင် ကြေညာထားရမည်။

အများအားဖြင့် ၉၀% ကျော်သော ကျောင်းအုပ်ကြီးများသည် အထက်ပါ စည်းကမ်းချက် (၅)ချက်မျှကိုပင် လိုက်နာဆောင်ရွက်ခြင်းမရှိပါ။

ဆောက်လုပ်ရေး လမ်းတံတား၊ စည်ပင်၊ ကျေးလက်ဦးစီးဌာနတို့၏ ဒေသပေါက်စျေးနှုန်း၊ အရည်အသွေး၊ အရေအတွက်များကို လေ့လာခြင်း

၆။       ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ဆောက်လုပ်ရေးကော်မတီ၏ အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့၏ တင်ပြချက်များ အတိုင်း ဒေသပေါက်စျေးနှုန်းများမှာ မြင့်မားလျှက်ရှိနေပါသည်။ ဥပမာ တစ်ခုအဖြစ် ကွန်ကရစ်လမ်းခင်းမှုတစ်ခုကိုအသေးစိတ်စိစစ်တင်ပြရလျှင် ရေနံချောင်းမြို့ မြို့မမြောက် နတ်စင်လမ်း သိန်း(၇၀)ကျပ် တန်ဖိုးရှိ ကွန်ကရစ်ခင်းခြင်းတွင် ဘိလပ်မြေ တစ်အိတ်လျှင် (၇၀၀ဝိ/-)ဟုဖော်ပြပြီးလက်ကားစျေး (၄၀၀ဝိ/-)ခန့် တန်ဖိုးရှိ ကြံ့(၂)ကောင် ဘိလပ်မြေကို သုံးစွဲထားခြင်း၊ သုံးစွဲမှုတွင် ဘိလပ်မြေအိတ်(၄၈၈)အိတ်ဖော်ပြထားသော်လည်း အိတ်(၃၀၀)ပင် ပြည့်မီအောင် မသုံးစွဲခြင်း၊ ကွန်ကရစ်ထု(၆)လက်မ မပြည့်မီခြင်းစသည့်အချက်များကြောင့် သိန်း(၇၀)ကျပ်တန်ဖိုးသတ်မှတ်သည့် ကွန်ကရစ်လမ်းသည် သိန်း(၅၀)ကျပ်ပင်တန်ဖိုးမကုန်ကျနိုင်ပါ။ အခြားပါဝင်ပစ္စည်းများဖြစ်သော တန်ဖိုးနည်းပြီး ဖုံမှုန့်ပါသော သဲနှင့် ရွံ့ပါသောကျောက်စရစ်များကို သုံးစွဲထားခြင်းများသည် ကွန်ကရစ်အားကို လွန်စွာအားနည်းစေပါသည်။ ဘိလပ်မြေ၊ သဲ၊ ကျောက်စရစ်အချိုး 1:2:4 မှ 1:3:6 သို့ ပြောင်းလဲလျော့ချသွား၍ ကွန်ကရစ်အားမှာ ၃၀၀၀ PSI မှ ၁၀၀၀ PSI သို့ ကျဆင်းသွားပြီ ဖြစ်ပါသည်။ သက်ဆိုင်ရာ စည်ပင်တာဝန်ရှိသူများအား နှုန်းထားများ ပိုမိုများပြားနေသည်ကို မေးမြန်းရာတွင်လည်း မကွေးတိုင်းဒေသကြီးအတွင်း(၂၅)မြို့နယ် စည်ပင် အင်ဂျင်နီယာများ ညှိနှိုင်းတိုင်ပင်ရေးဆွဲထားသော နှုန်းထားများဟု ပြန်လည်ဖြေကြားပါသည်။

၇။       မြန်မာ့ရေနံမှ မြို့အတွက် ဖွံ့ဖြိုးရေး CSR လုပ်ငန်းများ လုပ်ဆောင်ရာတွင် ဘိလပ်မြေတစ်အိတ်လျှင် ၈၀၀ဝိ/- နှုန်းသတ်မှတ်ထားသည့်အတွက် အဆိုပါနှုန်းထားများကို ပြန်လည်စိစစ်သတ်မှတ်သင့်ပါသည်။

၂၀၁၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကို လေ့လာခြင်း

၈။       မကွေးတိုင်းဒေသကြီး၏ ရငွေစုစုပေါင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

(က)    အခွန်အကောက်မှ                         ၁၈၉၁.၂၃၅ သန်း

( ခ )    အခြားသာမန်ရငွေများ                     ၇၅၁၅.၆၄၃ သန်း

( ဂ )    ပြည်ထောင်စုအစိုးရထောက်ပံ့ငွေ     ၁၄၁၅၂၅.၀၀၀ သန်း

                                            စုစုပေါင်း               ၁၅၀၉၃၁.၈၇၈ သန်း

စုစုပေါင်းရငွေသည် စုစုပေါင်းသုံးငွေဖြစ်ပါသည်။ ဝန်ကြီးဌာနအသီးသီး၏ သုံးငွေများတွင် လမ်းဦးစီးဌာနတစ်ခုတည်း၏ သုံးငွေမှာ ၈၆၂၈၉.၄၉၅ သန်း ဖြစ်သဖြင့် မကွေးတိုင်းတစ်ခုလုံး၏ သုံးငွေစုစုပေါင်း၏ ၅၇% ရှိနေပါသည်။ ထို့ကြောင့် လမ်းအတွက်သုံးငွေများကို အထူးဂရုပြု သုံးစွဲသင့်ပါသည်။

၉။       သို့ဖြစ်ပါ၍ တင်ပြချက်ပါ အချက်(၃)ချက်အား လွှတ်တော်ကိုယ်စားလှယ်များ သိရှိနိုင်ပါရန် ပြည်သူ့ငွေစာရင်းကော်မတီအနေဖြင့် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်သို့ အစီရင်ခံ တင်ပြအပ်ပါသည်။

 

 

                                                                                                    ဥက္ကဋ္ဌ

                                                                                         ပြည်သူ့ငွေစာရင်းကော်မတီ

                                                                                       မကွေးတိုင်းဒေသကြီးလွှတ်တော်